Skip to content
Ads Advertisement

ကော်ဖီ ပုံမှန်သောက်ရင် ကျောက်ကပ်ကို ဘယ်လိုသက်ရောက်မှုရှိလဲ

ကော်ဖီကို သင့်တင့်မျှတစွာ သောက်သုံးခြင်းက ကျောက်ကပ်လုပ်ငန်းဆောင်တာကို ကာကွယ်ပေးပြီး ကျောက်ကပ်ကျောက်တည်ခြင်းကို လျှော့ချပေးနိုင်ပေမဲ့၊ အကျိုးကျေးဇူးတွေက လူတိုင်းမှာ အတူတူမဟုတ်ပါဘူး။

ကော်ဖီကို နေ့စဉ်သောက်ခြင်းက နိုးကြားမှု၊ အာရုံစူးစိုက်နိုင်မှုကို ကောင်းမွန်စေပြီး ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးရုံသာမက ကျောက်ကပ်ကျန်းမာရေးအတွက်လည်း အကျိုးအချို့ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ အဆိုပါသက်ရောက်မှုတွေက သောက်သုံးသည့် ပမာဏ၊ ဖျော်စပ်တဲ့နည်းလမ်းနဲ့ သောက်သုံးသူရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်ပါတယ်။

အမေရိကန် သုတေသနမဂ္ဂဇင်း The Mayo Clinic ၏ ဆေးဘက်ဆိုင်ရာ အယ်ဒီတာ Donald D. Hensrud, M.D., M.S. က “ကော်ဖီသောက်သူတွေမှာ အမျိုးအစား (၂) ဆီးချို၊ ပါကင်ဆန်ရောဂါ၊ အသည်းရောဂါ၊ အသည်းကင်ဆာအပါအဝင် ကင်ဆာအချို့၊ စိတ်ကျရောဂါနဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှု၊ ကျောက်ကပ်ကျောက်နဲ့ သည်းခြေကျောက်တည်ခြင်း၊ နဲ့ အလုံးစုံသေဆုံးနှုန်းက လျော့နည်းနေတာကို တွေ့ရပါတယ်” လို့ ပြောကြားထားပါတယ်။

Nephrology Dialysis Transplantation ဂျာနယ်ရဲ့ လေ့လာမှုတစ်ခုက အမေရိကန်နိုင်ငံရှိ နာတာရှည်ကျောက်ကပ်ရောဂါရှိသူ အရွယ်ရောက် ၄,၈၆၀ ကျော်ရဲ့ အချက်အလက်ကို ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။ လေ့လာမှုပါဝင်သူတွေကို နေ့စဉ် ကဖိန်းဓာတ် စားသုံးမှုအပေါ်မူတည်ပြီး လေးအုပ်စု ခွဲလိုက်ပါတယ်။ သူတို့ဟာ တစ်နေ့ကို ကဖိန်းဓာတ် ၂၈.၂ မီလီဂရမ်အောက် (ကော်ဖီအမည်းတစ်ခွက်ရဲ့ သုံးပုံတစ်ပုံအောက် နည်းနည်းမျှနဲ့ ညီမျှသည်)၊ ၂၈.၂ မှ ၁၀၃ မီလီဂရမ်၊ ၁၀၃ မှ ၂၁၃.၅ မီလီဂရမ်၊ နဲ့ ၂၁၃.၅ မီလီဂရမ်အထက် (နှစ်ခွက် သို့မဟုတ် နှစ်ခွက်ထက်ပို) သောက်သုံးခဲ့ကြပါတယ်။

ငါးနှစ် နောက်ဆက်တွဲ စောင့်ကြည့်ကာလအတွင်း ပါဝင်သူ ၁,၂၈၀ ခန့် သေဆုံးခဲ့ပါတယ်။ ရောထွေးနေနိုင်သော အချက်များကို ထည့်သွင်းပြင်ဆင်ပြီးနောက် ရလဒ်တွေက ကဖိန်းဓာတ် ပိုမိုစားသုံးသည့် အုပ်စုသုံးစုစလုံးဟာ အနည်းဆုံးစားသုံးသည့်အုပ်စုနှင့် နှိုင်းယှဉ်ပါက သေဆုံးနိုင်ခြေ ၂၂% မှ ၂၆% အထိ လျော့နည်းနေကြောင်း ပြသခဲ့ပါတယ်။

အမေရိကန် အမျိုးသား ကျောက်ကပ်ဖောင်ဒေးရှင်းရဲ့ အဆိုအရ ကဖိန်းဓာတ်က ဆီးပမာဏကို တိုးစေပြီး၊ အဲဒါက ဆီးလမ်းကြောင်းအတွင်းမှာ ကျောက်တည်စေတဲ့ သတ္တုဓာတ်တွေ စုပုံခြင်းနဲ့ ပုံဆောင်ခဲအဖြစ် ပြောင်းလဲခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ဆေးပညာရှင်များ ပြန်လည်သုံးသပ်ပေးသည့် ကျန်းမာရေးအချက်အလက် ဝက်ဘ်ဆိုဒ် Verywell Health ရဲ့လေ့လာမှုအချို့က ကော်ဖီပုံမှန်သောက်သူတွေမှာ ကျောက်ကပ်ကျောက်ဖြစ်နိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိထားပေမဲ့၊ ကော်ဖီပိုသောက်လေ ပိုကောင်းလေလို့ မဆိုလိုပါဘူး။

ဒါပေမဲ့ ကျန်းမာရေးပညာရှင်တွေက ကျန်းမာတဲ့ လူရွယ်လူလတ်ပိုင်းတွေအနေနဲ့ ကဖိန်းဓာတ် တစ်နေ့ကို ၄၀၀ မီလီဂရမ်ခန့် (သာမန်လုပ်ထားတဲ့ ကော်ဖီ သုံးခွက် သို့မဟုတ် လေးခွက်နှင့် ညီမျှ) သာ ကန့်သတ်သောက်သုံးဖို့ အကြံပြုထားပါတယ်။

ကော်ဖီအလွန်အကျွံ သောက်သုံးခြင်းက အိပ်မပျော်ခြင်း၊ မငြိမ်မသက်ဖြစ်ခြင်း၊ စိုးရိမ်စိတ်ဖြစ်ခြင်းနဲ့ ရင်တုန်သည်အထိ ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓာတ်က အထူးသဖြင့် ကဖိန်းဓာတ်နဲ့ ဓာတ်မတည့်သူတွေမှာ သွေးပေါင်ချိန်အနည်းငယ် တက်စေနိုင်ပါတယ်။

ထို့အပြင်ကော်ဖီကို သကြား၊ နို့ဆီ၊ ခရင်မ်(heavy cream)၊ အနံ့အရသာရည်(syrup)အများကြီးနဲ့ ပုံမှန်သောက်ရင်သကြားနဲ့ ကယ်လိုရီ စားသုံးမှုကို တိုးစေတာကြောင့် ကော်ဖီရဲ့ အကျိုးကျေးဇူးတွေ လျော့သွားနိုင်ပါတယ်။

နိဂုံးချုပ် အနေနဲ့တော့ကျောက်ကပ်ရောဂါ၊ သွေးတိုးရောဂါ ဒါမှမဟုတ် အခြား နောက်ခံကျန်းမာရေးပြဿနာရှိသူတွေအနေနဲ့ သင့်တော်တဲ့ ကဖိန်းဓာတ်စားသုံးမှုနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Ref: What happens to your kidneys when you drink coffee regularly?-Bao Bai, VnExpress

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement